Wednesday, June 29, 2011

မြို့ကြီးသုံးမြို့ ဗုံးဖောက်ခွဲသူ ၃ ဦး ရဲက ရှာဖွေလျက်ရှိ



မဇ္ဈိမသတင်းဌာန ။      ။ နေပြည်တော်အပါအဝင် မြို့ကြီးသုံးမြို့တွင် တပြိုင်တည်း ဗုံးဖောက်ခွဲမှုပြုသည်ဆိုသော သံသယဖြင့် အသက် ၂၅ နှစ်အရွယ် အမျိုးသား ၃ ဦးကို လိုက်လံရှာဖွေလျက်ရှိကြောင်း အစိုးရက ထုတ်ပြန်သည်။



မန္တလေးတွင် ကားဗုံးဖောက်ခွဲပြီး နေပြည်တော်နှင့် ပြင်ဦးလွင်မြို့များတွင် လူသူမရှိသော အိမ်များအတွင်း ဗုံးဖောက်ခွဲမှုကို ဇွန်လ ၂၄ ရက်နေ့က တပြိုင်တည်း ကျူးလွန်သူများမှာ စိုင်းဆမ်၊ စိုင်းအိုက်နှင့် စိုင်းကျော်မြင့်ဦးတို့
 ဖြစ်သည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာများ၌ ဗုဒ္ဓဟူးနေ့တွင် ပါရှိသည်။

မန္တလေးတွင် ပေါက်ကွဲခဲ့သည့် လိုင်စင်မဲ့ကား (၃ခ/၁၉ဝ၄) ကို
စိုင်းဆမ် အသက် ၂၅နှစ်၊ အရပ် ၅ပေ ၅ လက်မ၊ အသားဖြူ၊ ဝဲမျက်စိဘေး တွင် အမာရွတ်တခုရှိ
စိုင်းအိုက် အသက် ၂၅နှစ်၊ အရပ် ၅ပေ ၃ လက်မ၊ ဆံပင် ဘိုကေ၊ အသားဖြူ၊ ပါးတွင် တင်းတိပ်များ ရှိ
စိုင်းကျော်မြင့်ဦး အသက် ၂၅နှစ်၊ အရပ် ၅ပေ ၄ လက်မ၊ ဆံပင် ကုပ်ထောက်၊ နဖူးကျယ်၊ နှာတံပေါ်၊ အသားလတ်၊ စကားဝဲ
ကားပွဲစား ဟာရှင်နှင့် ကျော်ကျော်ထက်ထံမှ စွပ်စွဲခံရသူများက ၃ ဦးက ဝယ်ယူခဲ့ကြောင်း ကားပွဲစားများက အတည်ပြု ထွက်ဆိုခဲ့သည်ဟု သတင်းစာတွင် ပါရှိသည်။

ထို့အပြင် စိုင်းဆမ်နှင့် စိုင်းအိုက်တို့ နှစ်ဦးက နေပြည်တော်နှင့်
 ပြင်ဦးလွင်တွင် အိမ်နှစ်လုံးကို ကြိုတင်ငှားရမ်းခဲ့ကြောင်း အိမ်ရှင်များ၏ ထွက်ဆိုချက်ကို ကိုးကားဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်သော နေပြည်တော်မှ နေအိမ်ကို ဧပြီ ၂၄ ရက်နေ့ကတည်းက တလလျှင် ကျပ် ၆ သိန်း ၅ သောင်းနှုန်းဖြင့်
 ၆ လစာပေး၍ ငှားရမ်းထားခဲ့ပြီး ပြင်ဦးလွင်နေအိမ်ကို မေ ၅ ရက်မှစ၍ တလလျှင် ကျပ် ၁ သိန်း ၄ သောင်းနှုန်းဖြင့် ၆ လစာပေး၍ ငှားရမ်းခဲ့ကြောင်း ရေးသားထားသည်။

မြို့နယ် ၃ ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်နှစ်လုံးနှင့် မော်တော်ယာဉ်တစီး ပျက်စီးခဲ့ကာ၊ လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Print this post

No comments:

Post a Comment