Thursday, June 23, 2011

တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ဖနိဒါ | ကြာသပတေးနေ့၊ ဇွန်လ ၂၃ ရက် ၂၀၁၁ ခုနှစ်


ချင်းမိုင် (မဇ္စျိမ) ။     ။ ကချင်ပြည်နယ် ပူတာအိုမြို့နယ် မလိခ ရန်ဝလောင် ဒေသတွင် ခြေလျင်တပ်ရင်း ၁၃၉ နှင့် ကချင်လွတ်မြောက်အဖွဲ့ KIO မှ တပ်ရင်း ၇ တို့ ဗုဒ္ဓဟူးနေ့ ညနေမှစ၍ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ကြာသပတေးနေ့ မနက်တွင်လည်း တိုက်ပွဲငယ် တရပ် ထပ်ဖြစ်သေးသော်လည်း နှစ်ဖက် ထိခိုက်ကျဆုံးမှုကို မသိရသေးကြောင်း KIO ၏ ကချင်လွတ်မြောက်ရေးတပ် KIA မှ အရာရှိတဦးက ပြောသည်။


မိုးမိတ်၊ ပူတာအို၊ ဝိုင်းမော်နှင့် မြစ်ဆုံရေကာတာ စီမံကိန်းရှိရာ တန်ဖရဲကျေးရွာမှ မိုင် ၂ဝ ခန့်အကွာရှိ တန်ယန်ဇွပ်ကျေးရွာ အနီးတွင်လည်း တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အစိုးရတပ်များ မြစ်ကြီးနားနှင့် ဗန်းမော်တို့တွင် တိုးချဲ့ချထားသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

KIO က ဖမ်းဆီးထားသော စစ်သုံ့ပန်းများကိုမူ ပြန်လွှတ်ပေးလိုက်ပြီဟု ဆိုသည်။ ဇွန် ၁၆ ရက်နေ့တွင် နမ္မတူမြို့နယ်မှ တပ်ရင်း ခလရ ၃၄၂ စခန်းမှူး သီဟနိုင် ခေါ် သက်နိုင်အောင် အပါအဝင် တပ်သား ၂ ဦးနှင့် အရပ်သား ၃ တို့ကို ဇွန်လ ၁၉ ရက်နေ့မှာ ပြန်လွတ်ပေးလိုက်ပြီဟု ဦးလနန်က ပြောသည်။

ထို့အပြင် ဇွန်လ ၉ ရက်နေ့ တိုက်ပွဲများ ဖြစ်ပွားနေချိန် သတင်းပေးဟု သံသယရှိသဖြင့် အဖမ်းခံထားရသူ အရပ်သား ၈ ဦးကိုလည်း ဇွန်လ ၁၈ ရက်နေ့ကတည်းက ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

Print this post

No comments:

Post a Comment