Friday, June 3, 2011

တရုတ်ဟက်ကာများက အမေရိကန်အစိုးရအဖွဲ့နှင့် လူကြီးများ၏ ဂျီမေးပတ်စ်ဝဒ်များ ခိုးယူ

တရုတ်ဟက်ကာများက အမေရိကန်အစိုးရအဖွဲ့နှင့် လူကြီးများ၏ ဂျီမေးပတ်စ်ဝဒ်များ ခိုးယူ
မိုးမခ၊ ဇွန် ၃၊ ၂၀၁၁
ယမန်နေ့က အိမ်ဖြူတော်က ထုတ်ပြန်သောသတင်းပြန်ကြားချက်တွင် တရုတ်ပြည်အခြေစိုက်ဟက်ကာများက ဂျီမေးအကောင့် ပတ်စ်ဝဒ်များ ခိုးယူသွားသည်ဟု ဆိုသည်။ လက်ရှိ အမေရိကန်အစိုးရအဖွဲ့နှင့် လူကြီးများ၏ အီးမေးပတ်စ်ဝဒ်များ ရာဂဏန်းကျော် ခိုးယူခံရသည်ဟု ထုတ်ပြောသည်။ နိုင်ငံခြားရေးဝန်ကြီး ဟယ်လရီကလင်တန်က ထိုစွတ်စွဲချက်သည် ပြင်းထန်သော စွတ်စွဲချက်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။ တရုတ်ပြည်က အစိုးရပြန်ကြားရေးက တရုတ်အစိုးရက ထိုကိစ္စကို မသိရှိကြောင်း ငြင်းဆိုလိုက်သည်။ ဂူးဂယ်အဆိုအရ ထိုအီးမေးခိုးယူသူများမှာ တရုတ်ပြည် ဂျာလင်မြို့မှ ဖြစ်သည်ဟု ထုတ်ပြန်သည်။
 
 ခိုးယူပုံမှာ အီးမေးများအတွင်းသို့ အစိုးရဆိုင်ရာ သို့မဟုတ် အရေးတကြီး စာတမ်းများ ဟန်ဆောင်ပြီး အီးမေးတစောင် ပို့ခြင်းဖြစ်ကြောင်း၊ သုံးစွဲသူက ထိုအီးမေးလင့်ခ်ကို နှိပ်လိုက်ပါက ဂူးဂဲအီးမေးအကောင့်သို့ ၀င်ရောက်ပြီးမှ ထိုစာမျက်နှာကို ကြည့်ရန် ဖောင်ဖြည့်စာမျက်နှာကို ဟက်ကာများက ဖန်တီးထားကြောင်း၊ ထိုဟက်ကာစာမျက်နှာကို သုံးစွဲသူက အမှတ်တမဲ့ဖြင့် ယူဇာအမည်နဲ့ ပတ်စ်ဝဒ်ထည့်လိုက်ပါက ထိုအချက်များကို ဟက်ကာများက သိမ်းဆည်းပြီး အဆိုပါအီးမေးများကို ခိုးယူနိုင်ခြင်း ဖြစ်ကြောင်း သတင်းများတွင် ထုတ်ပြန်ထားသည်။
“အခု အင်တာနက်ခေတ်မှာ အားလုံးက Cloud စနစ်နဲ့ မိုးပေါ်မှာ အကုန်သိမ်းထားတယ်လေ။ google docs, google spreadsheet တွေက လူတိုင်းသုံးနေတယ် မဟုတ်လား။ နေရာတကာမှာ ဂူးဂဲအကောင့်နဲ့ လူတွေက စာမျက်နှာတွေကို ၀င်ထွက်သွားလာနေကြဖြစ်နေပြီ။ ဒါကြောင့် သူတို့က ဒီအားနည်းချက်ကို ၀င်ပြီး အမြတ်ထုတ်သွားတာပဲ။”
ဟု စီနက်သတင်းဝက်ဆိုက်က မှတ်ချက်ပေးသည်။
ယခင်မေလကုန်ကလည်း အမေရိကန်အစိုးရ၏ ကာကွယ်ရေး လက်နက်နှင့် နည်းပညာ ကန်ထရိုက်တာ ကုမ္ဗဏီကြီးဖြစ်သည် Lockheed Martin နှင့် အလားတူ ကန်ထရိုက်တာ ကုမ္ဗဏီကြီး ၂ ခုကိုလည်း ဆိုက်ဘာတိုက်ခိုက်မှုနှင့် ခိုးဝင်ထိုးဖောက်မှု ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ ၂၀၀၉  ခုနှစ်က တရုတ်ဟက်ကာများက ၀င်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ဖူးသည်။ ဧပြီလဆန်းပိုင်းက ဆိုနီ၏ ကစားနည်းကိရိယာ နံပါတ် ၃၊ ပလေးစတေရှင် ၃ အကောင့်သမားများ၏ အချက်အလက်များကို ဟက်ကာတို့ ခိုးယူနိုင်ခဲ့ပြီး ဖြစ်သည်။
“ဒီလိုသတင်းကြားတာနဲ့ ဘာလုပ်ကြမလဲ။ ဘာမှ လုပ်လို့မရဘူးလေ။ အရင်ဆုံး သေချာအောင် ကိုယ့် ပတ်စ်ဝဒ်ကို အသစ်တခု ပြောင်းလိုက်ပေါ့။ ဒါပဲ ကိုယ်လုပ်နိုင်တာ ရှိတယ်။ နောက်တနည်းကတော့ အီးမေးအသစ်တခု ထပ်ယူလိုက်။ အယင်အဟောင်းက မေးတွေအသစ်ဝင်လာတာကို အီးမေးအသစ်ဆီ မေးဖောဝဒ်ဒင်း လုပ်ခိုင်းလိုက်။ မေးအဟောင်းကို ပတ်စ၀ဒ်ပြောင်းပြီးတော့ ၀င်မသုံးနဲ့တော့ပေါ့။ ဒီနည်းကတော့ တမျိုးလို့ ဆိုနိုင်တယ်။ စက်ထဲမှာလည်း ပတ်စ်ဝဒ်တွေ မှတ်ခိုင်းမထားနဲ့။ ကိုယ်တိုင် ရိုက်ထည့်ပေါ့။ ”
မိုးမခ၏ နည်းပညာဝန်ဆောင်မှုပေးသူ ကမာရွတ်သားက သူ့ထင်တာကို ပြောလိုက်သည်။

Print this post

No comments:

Post a Comment