ဧရာဝတီ Wednesday, 18 May 2011
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတခုဖြစ်သည့် မိုးညှင်းမြို့နယ်တွင်းရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) စခန်းများသို့ ယနေ့နံနက်တွင် အစိုးရတပ်များက လောင်ချာဖြင့် ပစ်ခတ်ခံရပြီးနောက် အမြင့်ဆုံး တပ်လှန့်ထားကြောင်း သတင်းရရှိသည်။
![]() |
ကချင်တပ်သားသစ်များ စစ်ရေးလေ့ကျင့်နေစဉ် (ဓာတ်ပုံ - Ryan Libre) |
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒု ဥက္ကဋ္ဌ General Xu Caihou မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက်ပိုင်းတွင် တရုတ်နယ်စပ်အခြေစိုက် KIA တပ်များနှင့် အစိုးရတပ်များကြား ပထမဆုံးအကြိမ် စစ်ရေး ပြန်လည်တင်းမာမှုဖြစ်သည်ဟု ပြည်တွင်းအခြေစိုက် စစ်ရေးသုံးသပ်သူတဦးက ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကလည်း အစိုးရတပ်များက KIA ထိန်းချုပ်နယ်မြေသို့ ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ ဒု ဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးတဦးနှင့် တခြားတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည်။
ယခင်စစ်အစိုးရက ကမ်းလှမ်းခဲ့သည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအစီအစဉ်ကို KIO အဖွဲ့က ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် အပြီးသတ် ငြင်းဆိုခဲ့ပြီး ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်းသို့ အစိုးရတပ်များ မဝင်ရန် သတိပေးထားခဲ့သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် KIO ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးသို့ စစ်အစိုးရ၏ ရဟတ်ယာဉ်တစင်း ပျံသန်းဝင်ရောက်ခဲ့သဖြင့် သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။
KIO အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး သဘောတူခဲ့သည်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်ပြီးနောက်ပိုင်း အစိုးရပိုင်သတင်းစာများမှတဆင့် KIO အဖွဲ့ကို သောင်းကျန်းသူဟု ပြန်လည်သုံးနှုံးခဲ့သည်။ Print this post
No comments:
Post a Comment