Thursday, May 26, 2011

နယ်ခြားစောင့်တပ် အချင်းချင်း ပစ်ခတ်မှု ထပ်မံဖြစ်ပွား

26 May 2011
စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက နယ်ခြားစောင့်တပ် (BGF) အချင်းချင်းပစ် ခတ်မှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ယခုလ မေလ ၂၄ရက်နေ့ ညအချိန်တွင် ဗိုလ်ဘိဦးဆောင်သည့် BGFတပ်ရင်း ၁၀၁၂မှ တပ်ဖွဲ့တချို့ သည် လှိုင်းဘွဲမြို့နယ် ထီးလိုနေရာရှိ ရာဘာခြံတစ်ခြံတွင် ဗိုလ်ဘသိန်း တပ်ဖွဲ့ကို သွားရောက်ပစ်ခတ် ခဲ့ရာ ဗိုလ်ဘသိန်းတို့တပ်ဖွဲ့မှ ထိခိုက်မှုများရှိသည်ဟု KNU ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေးက ပြော သည်။

“၂၄ရက်နေ့ညက ထီးလိုက ရာဘာခြံမှာရှိတဲ့ ဗိုလ်ဘသိန်းတပ်ဖွဲ့ကို ဗိုလ်ဘိတပည့်တွေ သွားချောင်းပစ် တာဖြစ်တယ်။ ဗိုလ်ဘသိန်းကိုတော့ မထိဘူး။ ထွက်ပြေးလွတ်မြောက်သွားတယ်။ သူ့လူ နှစ်ယောက် ထိ မှန်သွားတယ်”ဟု ပဒိုစောအောင်မော်အေးက ကေအိုင်စီကို ပြောသည်။

ဆက်လက်၍ ၎င်းက“ ဗိုလ်ဘသိန်းက စီးပွားရေးသမားလေ။ ပိုက်ဆံအလွန်အကျွံကောက်ခံတဲ့အတွက် သူတို့ အချင်းချင်း မကျေမနပ်မှုတွေရှိလာအတွက် အခုလိုပစ်ခတ်မှုဖြစ်ပွားတာပဲ။ သူတို့ အဖွဲ့ထဲမှာ လည်း ခံယူချက်ချင်းမတူညီကြဘူးလေ”ဟု ပြောသည်။

ထို့အပြင် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ (ယခင်ဒီကေဘီအေ ဌာနချုပ်ဟောင်း)တွင်လည်း BGF အချင်းချင်း တင်းမာမှုဖြစ်ပွားနေသည့်အပြင် ဒီကေဘီအေ နာယကဆရာတော် ဦးသုဇနကနေ၍ BGFတပ် ဖွဲ့ဝင်များ အားလုံးသည် DKBA တံဆိပ်ပြန်တပ်ပြီး အစိုးရစစ်တပ်ကို ပြန်လည်ခုခံတော်လှန်ရမည်ဟု အမိန့်ထုတ် လိုက်ကြောင်း နယ်ခြားစောင့်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့ကလည်း BGF တပ်ရင်း ၁၀၁၂မှ ဗိုလ်ဖားမီးဦးဆောင်သည့် တပ် ဖွဲ့ဝင် ၃၀ဦးသည် မြိုင်ကြီးငူဒေသတွင် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လက်နက်ခဲယမ်းဂိုဒေါင်(၁)လုံး နှင့် စစ်တန်းလျား (၁)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် KNUထံ လာရောက်ပူးပေါင်းခဲ့သည်။

Print this post

No comments:

Post a Comment