Friday, November 5, 2010

သြစတြေးလျလေယာဉ် စင်ကာပူမှာ အရေးပေါ် ဆင်းသက်

ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 04 နိုဝင်ဘာ 2010


သြစတြေးလျနိုင်ငံ Qantas လေကြောင်းလိုင်းက Airbus A-380 လေယာဉ် အမျိုးအစားတွေထဲက လေယာဉ်တစင်း စက်ချို့ယွင်းမှုကြောင့် စင်ကာပူနိုင်ငံကို ကြာသပတေးနေ့က အရေးပေါ် ဆင်းသက်လိုက်ရပြီးတဲ့နောက်မှာ ကျန်ရှိတဲ့ Airbus လေယာဉ် ၆ စင်းစလုံးကိုလည်း ပျံသန်းမှုတွေ မလုပ်ဘဲ ရပ်ထားလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ခရီးသည်တင် လေယာဉ်ဖြစ်တဲ့ Airbus A-380 လေယာဉ်ဟာ ဆစ်ဒနီမြို့ကို သွားရောက်ဖို့အတွက် စင်ကာပူနိုင်ငံ လေဆိပ်ကနေ စတင်ထွက်ခွာပြီး သိပ်မကြာခင် သူ့ရဲ့ အင်ဂျင် ၄ လုံးထဲက တလုံး ရပ်သွားတာကြောင့် စင်ကာပူလေဆိပ်ကို အရေးပေါ် အမြန်ဆုံး ပြန်ဆင်းသက်ခဲ့ရတာပါ။

လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည် ၄၅၉ ယောက်စလုံး တယောက်မှာ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲတဲ့ အသံအကျယ်ကြီးကို ကြားခဲ့ရပြီး အဲဒီနောက်မှာ ပျက်သွားတဲ့ အင်ဂျင်ကနေ မီးတွေ လောင်နေတာကို တွေ့ရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ စုံစုံလင်လင် မရမချင်း Airbus A-380 လေယာဉ် ပျံသန်းမှုတွေကို ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ Qantas လေကြောင်းလိုင်း အမှုဆောင် အရာရှိချုပ် အလန် ဂျွိုက်စ် (Alan Joyce) က သတင်းထောက်တွေကို ဆစ်ဒနီမြို့မှာ ပြောကြားလိုက်ပါတယ်။

Print this post

No comments:

Post a Comment