ကျော်ခ | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၅ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မွန်ပြည်နယ် ဘုရားသုံးဆူမြို့၌ စစ်အစိုးရတပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် - ဒီကေဘီအေတို့ ယနေ့နံနက်တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒီကေဘီအေနှင့် ဒေသခံများ အဆိုအရ သိရသည်။
နံနက် ၅ နာရီခန့်မှစ၍ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၄ဝ၅၊ ခလရ ၂၈၃ နှင့် အမြောက်တပ် ၃၁၃ က အမြောက်များ ပစ်ခတ်၍ အငိုက်ဖမ်းလာသဖြင့် ဘုရားသုံးဆူနှင့် ကိုက် ၅ဝဝ အကွာ၌ တပ်စွဲထားသော ဒီကေဘီအေ ၉ဝ၆၊ ၉ဝ၇၊ ၉ဝ၁ တပ်များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
“မနက်က မိုးမလင်းခင်မှာ သူတို့က အကွက်ဆင်ပြီးတော့ လာပစ်တော့ ကျနော်တို့ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ကြတာပေါ့” ဟု ဒီကေဘီအေ တပ်ရင်း ၉ဝ၆ တပ်ရင်းမှူး စောအေဝမ်းက မဇ္ဈိမကို ပြောသည်။
မြို့တွင်းရှိ တိုင်တရာ ဘုန်းကြီးကျောင်းအနီး အမြောက်ဆံများ ကျရောက်သဖြင့် အရပ်သား ၃ ဦး ဒဏ်ရာသောကြောင့် ဘုရားသုံးဆူ ဆေးရုံတွင် ဆေးကုသနေသည်ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
“စစ်တပ်က တိုက်ပွဲတွေ ကင်းပြီဆိုပြီး မနေ့က ဒုက္ခသည်တွေကို ပြန်ခေါ်တယ်။ ဒီမနက် တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ လူတွေက ကြောက်လန့်ပြီး ဘယ်ပြေးလို့ ပြေးရမှန်း မသိတော့ဘူးလေ။ ထိုင်းဘက်ကလည်း လက်မခံတော့ဘူး။ နောက် မွန်ဘက်နဲ့ ပြည်တွင်းအထဲဘက်တွေကို ပြေးကုန်ကြတယ်” ဟု ဒေသခံတဦးဖြစ်သော မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေး တာဝန်ခံ နိုင်ဟံဟာဗွန်ခိုင်က မဇ္ဈိမကို ပြောသည်။
ယခုလ ၈ ရက်နေ့တွင် ဒီကေဘီအေတပ်များက ဘုရားသုံးဆူ၏ အချက်အခြာကျသော နေရာများကို သိမ်းပိုက်ခဲ့သည်။ သို့သော် စစ်အစိုးရတပ်များ စစ်ကူဝင်လာပြီးနောက် မြို့ပြင်သို့ ဆုတ်ခွါပေးခဲ့သည်။ တိုက်ပွဲများ ကင်းစင်သွားပြီဟု ယူဆကာ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးခိုလှုံခဲ့သော စစ်ပြေးဒုက္ခသည်များလည်း ပြန်လည်ဝင်ရောက်လာခဲ့သည်။
ဘုရားသုံးဆူတိုက်ပွဲကြောင့် စစ်သည် လေးဦး၊ ရဲတဦးနှင့် ဝန်ထမ်းတဦးသေဆုံးသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။
သို့သော် မြဝတီနှင့် ဘုရားသုံးဆူ မြို့ပေါ်လမ်းမများတွင် အသွားအလာကင်းမဲ့ခြင်း၊ စစ်မက် ခြောက်ခြားခြင်းတို့ကြောင့် ဈေးများ၊ စာသောက်ဆိုင်များ ပိတ်ထားသဖြင့် တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်ကာ ထိုင်းဘက်သို့ ရှောင်တိမ်းသည့် ဒေသခံများ ရှိနေသေးကြောင်း ထိုင်းအခြေစိုက် လူမှုကူညီရေး အဖွဲ့များက ပြောသည်။
Thursday, November 11, 2010
ဘုရားသုံးဆူ တိုက်ပွဲဆက်ဖြစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment