Wednesday, November 3, 2010

ရွေးကောက်ပွဲ ရက်နီးလာသည်နှင့် လုံခြုံရေး တင်းကြပ်လာ

Wednesday, 03 November 2010


ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဒေသခံပြည်သူတွေများအား အာဏာပိုင်များမှ စစ်ဆေးမေးမြန်းမှုတင်းကြပ်စွာ လုပ်ဆောင်နေသောကြောင့် ဒေသခံများ လွတ်လပ်စွာ သွားလာရန် ခက်ခဲနေသည်ဟု ဒေသခံတစ်ဦးပြောသည်။

မြစ်ကြီးနား-လိုင်ဇာ သွားလမ်း ဗလမင်းထင် ဧရာဝတီမြစ်တံတား ၁၀ဖာလုံအကွာ မိုင်းနားကျေးရွာတွင် “ကချင်ပြည်နယ်မှ ကြိုဆိုပါ၏” မုခ်ဝ တည်ဆောက်ထားကာ ရဲအရာရှိများ၊ စစ်ဖက်ဆိုင်ရာ ဌာနပေါင်းစုံမှ လာရောက်စစ်ဆေးမေးမြန်းမှုများ တင်းကြပ်စွာ လုပ်ဆောင်နေသည်။

ဗလမင်းထင်တံတားဂိတ်တွင် ဒေသခံခရီးသည်များအား စစ်ဆေးနေပုံ။ ဓါတ်ပုံ - ကချင်သတင်းဌာန

“ခုလိုစစ်နေတာ ရွေးကောက်ပွဲကြောင့်ပေါ့၊ ရွေးကောက်ပွဲ မရှိရင် ဒီလောက် ချက်ပွိုင့်မှ မရှိတာ။

ရွေးကောက်ပွဲနီးလာလို့ပေါ့ အသေးစိတ် ထိစစ်နေတာ၊ အရင်ကတော့ ဒီ ဗုံးပေါက်ကွဲမှုနဲ့ သက်ဆိုင်ပြီး စစ်တာပေါ့၊ အခုက အဲဗုံးထက်ပိုပြီးစစ်နေတယ်၊ အရင်က မှတ်ပုံတင်တွေ မစစ်ဘူး၊ ခုဆို မှတ်ပုံတင်တွေ အသေအချာ စစ်နေတယ်၊ ဒါဟာ ရွေးကောက်ပွဲနဲ့ စပ်ဆိုင်တယ်၊ အဲတာကြောင့်ပိုစစ်တာ။” ဟု မြစ်ကြီးနား ဒေသခံတစ်ဦးပြောသည်။

မုခ်ဝအဝင်၊ အထွက် စစ်ဆေးနေပြီး၊ အဝါ၊ အစိမ်းရောင်ရှိသည့် ပလတ်စတိတ် မိုးကာ ကာထားကာ အမျိုးသမီးနှင့် အမျိုးသား တကိုယ်တော် သီးသန့် စစ်ဆေးနေသည်။ ရဲ၊ စရဖ (စုံစမ်းစစ်ဆေးရေးအဖွဲ့)၊ စစ်သားများ အယောက် ၃၀နီးပါး စစ်ဆေးနေသည်။

ယမန်နေ့ ညနေပိုင်းတွင်လည်း ရွှေစက် လမ်းဆုံ၌ ရဲအရာရှိများနှင့် စစ်သားများ အယောက် ၁၀ ကျော် ဒေသခံပြည်သူများ သွားလာနေသည်ကို ရပ်နားခိုင်းကာ ခေါင်းမှ တစ်ကိုယ်လုံးရှာဖွေစစ်ဆေး နေသည်။

“ဘာပါလဲ၊ ဘယ်ကနယ် ပြန်လာတာလဲ၊ ဘာအလုပ်လုပ်လဲ” စသည့်မေးခွန်းများ မေးမြန်းပြီး ဆိုင်ကယ် Tool box တွေမှာလည်း ဖွင့်ကြည့်ကာ စစ်ဆေးမေးမြန်းနေသည်။

“အဲလို စစ်မေးနေတာမို့ ၈နာရီဆို အပြင်မထွက်ချင်တော့ဘူး၊ စိတ်အနှောက်အယှက်ဖြစ်တယ်၊ အရင်တုန်းက အချိန်တွေနဲ့တော့ မတူတော့ဘူး၊ အရင်ကတော့ အေးချမ်းလိုက်တာ၊ ခုက သွားရလာရတာ မလွတ်လပ်တော့ဘူးလို့” စစ်ဆေးခံရသည့် ကျောင်းသားတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့တွင်း၌လည်း ရဲအရာရှိများနှင့် စစ်သားများ နေရာတိုင်းတွေ တွေ့ရှိရသည်ဟု ဒေသခံ တစ်ဦးပြောသည်။

လဂျားယန်ဂိတ်တွေလည်း အရင်ကနဲ့ မတူ၊ သံဆူးကြိုးများနဲ့ သံတိုင်လုံးဖြစ် အဝင်အထွက် ခရီးသည်များအား တစ်ဦးချင်း စစ်ဆေးနေသည်ဟု ခရီးသည်တစ်ဦး ပြောသည်။

“ခုက ကေအိုင်အို ဝင်တာကို စောင့်တာလဲဟုတ်တယ်၊ ဝင်တာနဲ့ ဖမ်းပြီ။ ရွေးကောက်ပွဲ အတွက်လည်း အပြင်လူဝင်မှာ စိုးလို့ တစ်ခါတည်းလုပ်လိုက်တာ ဖြစ်မယ်၊” ဟု ခရီးသည်မှ ဆက်ပြောသည်။

“ညပိုင်းမှာ စစ်တပ်တွေ လှည့်နေတာ တပတ်လောက်တော့ရှိနေပြီး၊ နေ့ပိုင်းဆိုရင်လည်း ရှိတယ်၊ ရယကရုံးမှာ သူတို့ရှိတယ် ဒါပေမဲ့ ညပိုင်းကျတော့ ရွာကိုလှည့်နေတယ် ညတိုင်းပဲ တစုံတရာဖြစ်တာတော့မရှိသေးဘူး၊ သူတို့လူ ၅ ယောက် ၆ ယောက်လောက်ပေါ့” ဟု ရွာခံတစ်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲရက် နီးလာလို့ စစ်တပ်တွေကနေ လုံခြုံရေးပိုချထားတာဖြစ်နိုင်တယ်၊ ခါတိုင်းဆို ဘာမှတော့ မရှိဘူး အခုရွေးကောက်ပွဲရက် နီးလာလို့ စစ်တပ်တွေကလည်း ရွာထဲမှာ ရှိလာနေတယ်ဆိုပြီး ဒေသခံတွေက ပြောဆိုနေကြပါတယ်။

Print this post

No comments:

Post a Comment