မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၂၁၊ ၂၀၁၀
ယမန်နေ့က ရန်ကုန်မြို့ သခင်သိန်းဖေအိမ်တွင်ပြုလုပ်သော ၀ါရင့်နိုင်ငံရေး သက်ကြီးပူဇော်ပွဲကျင်းပရာ တက်ရောက်ကြသော ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ စီအာရ်ပီပီအဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများက ၎င်းတို့ စုဝေးလက်မှတ်ထိုးထားသော စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကြီး ထူထောင်ရေး ဒုတိယပင်လုံညီလာခံ ခေါ်ယူရန် သဘောတူကြောင်း စာတမ်းကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ပြီး ဒုတိယ ပင်လုံညီလာခံကြီး အောင်မြင်စွာ ဖော်ဆောင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား ခေါင်းဆောင်တဦးအဖြစ် သတ်မှတ်ကြောင်း အတည်ပြုမှုကို ထုတ်ဖော်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူပြီး အားလုံး၏ ၀ိုင်းဝန်းဆောင်ရွက်မှုနှင့် ဆောင်ရွက်ကြမည်ဟု ပြောဆိုသည်။
လက်မှတ်ပေါင်း ၁၀၀ ကျော်ဖြင့် ဒုတိယပင်လုံညီလာခံ ခေါ်ယူရန် လက်မှတ်ရေးထိုးမှုကို ချင်းပြည်နယ် ကလေးမြို့တွင် ဇိုမီးတိုင်းရင်းသားနိုင်ငံရေးပါတီ ထူထောင်မှု ၂၂ နှစ်ပြည့် အခမ်းအနားတွင် စတင် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ပြည်တွင်းရှိ နိုင်ငံရေး အင်အားစု၊ အဖွဲ့အစည်းပေါင်း ၅၀ ကျော်က လက်ခံကြောင်း ထောက်ခံခဲ့သည်။ ယနေ့ အခမ်းအနားတွင် ၀ါရင့် သက်ကြီး နိုင်ငံရေးသမား ဦးရေ ၂၀ ကျော်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် လူကြီး၊ လူငယ် နိုင်ငံရေးမျိုးဆက်များက ကန်တော့ ခဲ့ကြသည်။
Print this post
No comments:
Post a Comment