Tuesday, November 16, 2010

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရ၏ တုံ့ပြန်ပြုမူပုံ အမေရိကန်စောင့်ကြည့်

2010-11-16

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးတဲ့နောက် မြန်မာစစ်အစိုးရရဲ့ ရှေ့ခြေလှမ်းကို မျက်ခြည်မပြတ် စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr. Philip Crowley က နိုဝင်ဘာ ၁၅ ရက် တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီတာဝန်များကို ပြန်လည်စတင်သော နိုဝင်ဘာ ၁၅ ရက်က ဌာနချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည် မူဝါဒ အပြောင်းအလဲ ရှိမရှိမေးမြန်းရာမှာ Mr. Crowley က “မြန်မာပြည်နဲ့ပတ်သက်ပြီး မဟာဗျူဟာတရပ်ရှိပါတယ်၊ မြန်မာပြည်နဲ့ ဆက်လက် ထိတွေ့ဆက်ဆံသွားမယ်၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုကလည်း ဆက်ရှိနေပါမယ်။”

“မြန်မာပြည်မှာ ကျနော်တို့ မြင်ချင်တာတွေ ရှိပါတယ်၊ တကယ့် အရပ်ဖက် လူ့ဘောင်တရပ် ပေါ်ထွန်းလာတာ မြင်ချင်ပါတယ်၊ ကျယ်ပြန့်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို မြင်ချင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြတဲ့ လူထုကြီးကို ကြည့်လိုက်ရင် မြန်မာပြည်သူတွေဟာ အပြောင်းအလဲကို ဘယ်လောက် လိုချင်နေတယ် ဆိုတာ မြင်သာပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးလိုက်ပြီး စစ်အစိုးရဘာလုပ်မလဲဆိုတာ ကျနော်တို့ အသေအချာ စောင့်ကြည့်နေမှာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Print this post

No comments:

Post a Comment