Saturday, October 30, 2010

ကရင်နီတပ်မှ ပွန်ချောင်းတံတား ဖောက်ခွဲသည့်အပေါ် ရွာသားများ စိတ်မကောင်း

ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်) စနေနေ့, 30 အောက်တိုဘာလ 2010 21:27

ကရင်နီပြည် လွိုင်ကော်နှင့် ရှားတောမြို့နယ်အကြားရှိ ပွန်ချောင်းတံတားကို ကရင်နီတပ်မတော်မှ ၀င်ရောက်ဖောက်ခွဲဖျက်ဆီး ခဲ့သည့်အပေါ် ဒေသခံရွာသားများ စိတ်မကောင်း ဖြစ်နေကြောင်း ရွာသားတို့၏ ပြောပြချက်အရ သိရသည်။

ပွန်ချောင်း (ဓါတ်ပုံ-ကေအက်စ်ဒဗလျူဒီစီ)

ပြီးခဲ့သည့် ၂၆ ရက်နေ့က ပွန်ချောင်းတံတား အနီး၌ အခြေစိုက်ထားသော စစ်အစိုးရတပ် တံတားဂိတ်စခန်းအား ကရင်နီတပ်မတော်မှ ၀င်ရောက် စီးနင်းသည့်အပြင် တံတားကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့သည့် အတွက် ရွာသားများ သွားလာရန် အခက်ကြုံနေရသည်ဟု ဆိုသည်။

“တံတား ပျက်သွားတာကိုတော့ ပြည်သူတွေရဲ့ အကျိုးထိခိုက်လို့ တချို့ပြည်သူတွေက စိတ်မကောင်းရုံမက စိတ်ဆိုးကြတယ်။ တချို့ ရွာသူရွာသားတွေကတော့ ကြောက်နေကြတယ်။ တိုက်ပွဲ ဖြစ်မှ ရမယ်ဆိုရင်လည်း ရွာသားတွေက ရွာနဲ့ ဝေးတဲ့ နေရာမှာပဲ ဖြစ်ခိုင်းစေချင်တယ်” ဟု ဒေသခံရွာသားတဦးက ပြောသည်။

ကရင်နီတပ်မတော်မှ တံတားဖောက်ခွဲမှုကြောင့် အောက်ခံပျဉ်များ ကွာကျမှု ရှိ၍ ယိုင်နေသောကြောင့် ရှားတောမြို့မှ လွိုင်ကော်မြို့သို့ သွားလာနေသော လိုင်းကားများ လွိုင်ကော်မြို့သို့ မပြန်နိုင်ဘဲ ပွန်းချောင်းအရှေ့ဘက်၌ ခံနေကြသည်ဟု ဆိုသည်။

လောလောဆယ် ပျက်ဆီးနေသာ ပွန်ချောင်းတံတားကို မြန်မာအစိုးရ ဆောက်လုပ်ရေး အဖွဲ့မှ ပြန်လည်မွမ်းမံနေသည်ဟု ဒေသခံများက ပြောသည်။

ကရင်နီတပ်မတော်သည် စစ်အစိုးရတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာတွင် အမျိုးသားခုံခံတော်လှန်ရေးကို ဆောင်ရွက်သောကြောင့် စစ်ရေးအရ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ကရင်နီဗဟိုသတင်းနှင့် ပြန်ကြားရေးမှ အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ရွာသူ၊သားတွေ သိထားသင့်တာက ကျနော်တို့ (ကရင်နီတပ်မတော်) တော်လှန်ရေး လုပ်တာ မိမိအတွက်ပဲ လုပ်တာ မဟုတ်ဘူး။ ကျနော်တို့အတွက် လုပ်တယ်။ အမျိုးသားအားလုံးအတွက်လည်း လုပ်တယ်ဆိုတာ သိထားသင့်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ဗိုလ်မှူး မူရှေး ဦးဆောင်သော တပ်ရင်း ၃ ကရင်နီတပ်ဖွဲ့က ဗိုလ်ကြီး ကျော်ကိုသန်း ဦးဆောင်သည့် စစ်အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ) ၇၂ တပ်စခန်းကို ၀င်ရောက်စီးနင်းခဲ့ရာ စစ်အစိုးရတပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Print this post

No comments:

Post a Comment