Tuesday, October 19, 2010

အပစ်ရပ်ကေအိုင်အိုနှင့်နအဖတို့ စစ်ရေးတင်းမာမှု ရေချိန်မြှင့်တက်

Tuesday, 19 October 2010 18:27 သျှမ်းသံတော်ဆင့်


အပစ်ရပ် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ကချင်ပြည်နယ် ဟိုပင်မြို့ရှိ ဆက်ဆံရေးရုံးကို ယမန်နေ့ညက နအဖ စစ် တပ်က ၀ိုင်းလိုက်ပြီး ကေအိုင်အိုအရာရှိတစ်ဦးနှင့် ရဲဘော်နှစ်ဦးအား ဖမ်းဆီးသွားကြောင်း ကေအိုင်အို သတင်းရပ်ကွက်မှ တဆင့်သိရသည်။

အပြန်အလှန်အားဖြင့် ကေအိုင်အိုဘက်မှလည်း တရုတ်နယ်စပ်တစ်လျှောက် ကာကွယ်ရေးအတွက် ခြေကုတ်စခန်းများ ပြင်ဆင်မှုများ ရှိနေကြောင်း ကေအိုင်အို နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မနေ့ကညတွင်းချင်းပဲ လိုင်ဇာမှာလည်း အကုန်လုံးလှုပ်ရှားမှုတွေ့ရတယ်၊ ဒီမှာရှိတဲ့ လက်ကျန်တပ်တွေကို အကုန်ဆွဲ ထုတ် သွားတာ ဗန်းမော်ခရိုင်မှာရှိတဲ့ တပ်မဟာ ၃ နားက မိုင်ဂျာယန်အထိ ကာထားတယ်လို့ ကြားတယ်” ဟု နီးစပ်သူက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

2010 ခုနှစ်အတွင်း ကေအိုင်အိုတပ်ဖွဲ့ဝင်များ ကားဖြင့် လိုင်ဇာမြို့တွင်း သွားလာနေစဉ်ပုံ။ (photo:SHAN)

ထို့အပြင် နအဖစစ်တပ်က ရွှေကူခရိုင်အတွင်းရှိ ကေအိုင်အို တပ်ရင်း ၁၂ ကိုဝိုင်းထားသကဲ့သို့ ကေအိုင်အိုဘက်မှလည်း ဋ္ဌာန ချုပ် လိုင်ဇာအနီးရှိ နအဖလဂျားယန်တပ်စခန်းကို ၀ိုင်းထားကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။

ယနေ့ညနေပိုင်းအထိ နှစ်ဘက်တပ်များ တစ်ဘက်နှင့်တစ်ဘက် ၀ိုင်းရံထားဆဲဖြစ်ပြီး အဖမ်းခံထားရသည့် ကေအိုင်အို တပ် ဖွဲ့ဝင်များ မလွတ်ပါက နှစ်ဘက်တင်းမာမှု ရေချိန်အထွဋ်အထိပ်သို့ ရောက်ရှိလာနိုင်ကြောင်း နောက်ဒေသခံတစ်ဦးက ဆို သည်။

“ဆက်ပြီးဝိုင်းထားတုန်းလို့ကြားတယ်၊ နအဖကလည်းမဆုတ်သေးတော့ ဒီဘက်ကလည်းဆုတ်မဲ့အခြေအနေမရှိသေးဘူး ကြားတဲ့ပုံစံကတော့ ဖမ်းထားတဲ့ ကေအိုင်အေရဲဘော်တွေကို မလွတ်ပေးရင် အခြေအနေက ဆိုးလာနိုင်တယ်” ဟု ဆိုသည်။

ယခုလ ၁၃ ရက်က ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းကြိုင်း ရွာသား ၂ ဦး မိုင်းနင်း သေဆုံးသွားသည့်အပေါ် ကေ အိုင် အေသောင်းကျန်းသူ လက်ချက်ဟု အောက်တိုဘာလ ၁၅ ရက် ထုတ် နအဖသတင်းစာတွင် ရေးသား ဖေါ်ပြခဲ့သည်။

နှစ်ဘက်စစ်ရေးတင်းမာမှု ရှိနေသော်လည်း လက်ရှိအခြေအနေတွင် ကေအိုင်အိုဋ္ဌာနချုပ်လိုင်ဇာနှင့် အ၀ိုင်းခံထားရသည် ဆိုသည့် လဂျာယန်နအဖတပ်စခန်းအနီးတွင် ပုံမှန်အခြေအနေရှိနေသေးကြောင်း သိရသည်။

Print this post

No comments:

Post a Comment