မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇူလိုင်လ ၁၆ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယနိုင်ငံ Orrisa ပြည်နယ် Kujang မြို့ရှိ ပထမတန်း ရာဇဝတ် တရားသူကြီးရုံးက မြန်မာငါးဖမ်းလုပ်သား ၇ ဦးကို နိုင်ငံခြားသားမှုဖြင့် ယခုလ ၁၂ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်။
Orrisa ပြည်နယ် Paradip ဆိပ်ကမ်းမှ ၅ မိုင်ခန့်အကွာရှိ အိန္ဒိယပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် မြန်မာ ၇ ဦးသည် ယခုလ ၃ ရက်နေ့တွင် ယင်းပြည်နယ် Sandhakuda ဒေသ Paradip ဆိပ်ကမ်းပေါ်တွင် သွားလာနေစဉ် ကမ်းခြေစောင့်ရဲက ဖမ်းဆီးကာ တရားစွဲဆိုခြင်း ဖြစ်သည်။ Orrisa သည် အိန္ဒိယမြို့တော် ဒေလီ၏ အရှေ့တောင်ဘက် ၁၆၁၃ ကီလိုမီတာခန့်တွင် တည်ရှိသည်။
’’တရားဝင် စာရွက်စာတမ်းမပါဘဲ ရောက်လာလို့ ဖမ်းတာပါ။ နိုင်ငံခြားသားမှုနဲ့ တရားစွဲလိုက်တယ်’’ ဟု ရေကြောင်းဆိုင်ရာ Paradip ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ မစ္စတာ Tezraj Patel က မဇ္ဈိမကို ပြောသည်။
မြန်မာငါးဖမ်းလုပ်သား ၇ ဦးသည် အခြားသော မြန်မာနိုင်ငံသား ၈ ဦး၊ ထိုင်းနိုင်ငံသား ၁၅ ဦးနှင့် အိန္ဒိယနိုင်ငံသား ၉ ဦးနှင့်အတူ အိန္ဒိယပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် Madala – IV အမည်ရ စက်လှေ၌ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခဲ့သူများ ဖြစ်သည်။
စက်လှေ ကပ္ပတိန်က စားနပ်ရိက္ခာ ပုံမှန်မပေးဘဲ နှိပ်စက်သဖြင့် စကားများပြီးနောက် အိန္ဒိယငါးဖမ်းလုပ်သား ၉ ဦးနှင့်အတူ ဆိပ်ကမ်းပေါ်သို့ အခြားစက်လှေ အကူအညီဖြင့် လာရောက်ခဲ့ရာ ယခုလ ၃ ရက်နေ့တွင် ကမ်းခြေစောင့်ရဲက ဖမ်းဆီး၍ ရေကြောင်းဆိုင်ရာ ရဲလက်သို့ လွှဲပြောင်းခံရသည်။ အိန္ဒိယနိုင်ငံသားများမှာ သက်သေအထောက်အထား စာရွက်စာတမ်း ပါရှိလာသဖြင့် ရဲက ပြန်လွှတ်ပေးခဲ့သည်။
ငါးဖမ်းစက်လှေကို Orrisa ပြည်နယ် Visakhapatnam မြို့ရှိ မစ္စတာ Sunil Kumar ဆိုသူက ပိုင်ဆိုင်သဖြင့် ၎င်းနှင့် စက်လှေကပ္ပတိန်ဖြစ်သူကို ရဲက အမှုအခင်းနှင့်ပတ်သက်၍ စစ်ဆေးရန် ခေါ်ယူသည့်အခါ လာရောက်ခြင်း မရှိသဖြင့် မြန်မာများအတွက် တာဝန်ဖြေရှင်းပေးမည့်သူ မရှိကြောင်း သိရသည်။
မြန်မာများကို ရေကြောင်းဆိုင်ရာ Patadip ရဲစခန်းတွင် ၈ ရက်ကြာ ထိန်းသိမ်းပြီးနောက် တရားစွဲမှု စတင်လိုက်ကာ၊ ၎င်းတို့ကို Kujang အကျဉ်းထောင်တွင် လက်ရှိ ထိန်းသိမ်းထားကြောင်း မစ္စတာ Tezraj Patel က ရှင်းပြသည်။
နိုင်ငံခြားသားမှုဖြင့် ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၃ လနှင့် ၁၅ ရက်မှ အများဆုံး ၅ နှစ်အထိ ကျခံရနိုင်သည်။
ယခုအမှုအခင်းနှင့်ပတ်သက်၍ ဒေလီရှိ မြန်မာသံရုံးသို့ အကြောင်းကြားပေးရန် တရားရုံးနှင့် ရဲက အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနသို့ ယခုလ ၁၂ ရက်နေ့တွင် စာပို့ခဲ့သည်။ သို့သော် ဝန်ကြီးဌာနကမူ ထိုအကြောင်းကြားစာ ရောက်ရှိလာခြင်း မရှိသေးကြောင်း မဇ္ဈိမကို ပြောဆိုသည်။
နယူးဒေလီရှိ မြန်မာသံရုံးသို့ မေးမြန်းကြည့်ရန်အတွက် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
Friday, July 16, 2010
မြန်မာငါးဖမ်းလုပ်သား ၇ ဦးကို အိန္ဒိယ တရားရုံးက တရားစွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment